วันอังคารที่ 28 เมษายน พ.ศ. 2558

ဒလတွင် သောက်သုံးရေခပ်ရာမှ စကားများရန်ဖြစ်ကာ လူသတ်မှုဖြစ်၊ ၂၇ ဦးကို ဖမ်းဆီး ရန်ကုန်၊ ဧပြီ ၂၈ ဒလမြို့နယ် ဓနိတောကျေးရွာတွင် ဧပြီလ ၂၇ ရက် ည ၉ နာရီခန့်က သောက်သုံးရေကန်မှ ရေခပ်သည့်ကိစ္စ စကားများ ရန်ဖြစ်ကာ နေအိမ်တစ်လုံး ဖြိုဖျက်ခံရပြီး မိသားစုဝင်လေးဦး ရိုက်နှက်ထိုးကြိတ်ခံ ရသောကြောင့် အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး သေဆုံးကာ သုံးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူ အမျိုးသား ၂၇ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒလ မြို့မရဲစခန်းထံမှ သိရှိရသည်။  “သောက်ရေလာခပ်တဲ့ မိန်းကလေးကို ကန်ဘေးက နေအိမ်က ဆဲဆိုမောင်းထုတ်ခဲ့ရာက ရန်ပွဲ စဖြစ်တာ။ အိမ်ခြေ ၃၁ လုံးရှိတဲ့ ဓနိတောရွာ နေသူတွေက ဒီရေကန်ကို အားထား သုံးနေရတာကို သူတို့မိသားစုပိုင် ရေကန် ဆိုပြီး ရေလာမခပ်ခိုင်းလို့ ရွာထဲက အမျိုးသားတွေ အကုန်လုံး တုတ်တွေ အုတ်ခဲကျိုးတွေ ကိုင်ပြီး အဲဒီမိသားစု နေအိမ်ကို ဝိုင်းဖြိုဖျက်ပြီး လူတွေကိုပါ ရိုက်နှက်ခဲ့တာ။ လူအုပ်ကြီးက အရမ်းများတော့ ဘယ်လိုမှ ထိန်းမနိုင်ခဲ့ဘူး” ဟု ခနောင်/ရှမ်းစု ကျေးရွာအုပ်စု ဓနိတော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်အေးက ပြောကြားသည်။ အဆိုပါ လူအုပ်စုဖွဲ့၍ နေအိမ်ဖြို ဖျက်ကာ ရိုက်နှက်ထိုးကြိတ်ခံရသည့် မိသားစုမှာ ဓနိတောကျေးရွာထိပ်တွင် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ်ရှိ ဦးကျော်တင့်တို့ မိသားစုဖြစ်ကြောင်း၊ ယင်းနေ့ ညနေ ၆ နာရီက ရေလာခပ်သူ အမျိုးသမီးငယ်ကို ဆဲဆိုခဲ့ရာမှ အမျိုးသမီး အချင်းချင်း စကားစတင်များခဲ့ကြောင်း ယင်းကျေးရွာနေသူများထံမှ သိရှိရသည်။  “ရေခပ်တဲ့ ကလေးမကို ဆဲလို့ ရွာကမိန်းမတွေနဲ့ သူတို့အိမ်က မိသားစုတွေ တစ်ယောက်တစ်ခွန်း စကားများနေတာ။ စကားများနေချိန်မှာ သူတို့အိမ်ထဲက တစ်ယောက်က ခဲနဲ့ထုလိုက်လို့ ရွာသား တစ်ယောက် ခေါင်းကွဲသွားခဲ့ပြီး သိပ်မကြာဘူး ရွာလုံးကျွတ် အမျိုးသားတွေ တုတ်တွေ၊ ခဲတွေ ကိုင်ထွက်လာပြီး သူတို့ မိသားစုကို ဝိုင်းရိုက်လို့ ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ရတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်အေးက ပြောကြားသည်။ ဓနိတောကျေးရွာမှ အမျိုးသားများက တုတ်၊ ခဲ များဖြင့် ဦးကျော်တင့်တို့ မိသားစုကို ဝိုင်းရိုက်နှက်ခဲ့သောကြောင့် ဦးကျော်တင့်တို့ မိသားစုမှာ လယ်ကွင်းဘက်သို့ ထွက်ပြေးခဲ့ကြောင်း၊ ယင်းနောက် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့က ရောက်ရှိလာပြီး ထွက်ပြေးသူမိသားစုကို လိုက်လံရှာဖွေခဲ့စဉ် လယ်ကွင်းအတွင်း ဦးခေါင်းပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည့် ဦးကျော်တင့်၏ ညီဖြစ်သူ ကိုကျော်သူ၏ ရုပ်အလောင်းကို တွေ့ရှိကာ ကျန်မိသားစုဝင် သုံးဦးမှာ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ကြောင်း ဒလမြို့နယ် ရဲတပ်ဖွဲ့ မှ ရဲမှူးရဲမြင့်က ဆိုသည်။  “ဒဏ်ရာရသူတွေကို ရန်ကုန် ဆေးရုံကြီး ပို့ထားတယ်။ ရိုက်နှက် လူသတ်မှုဖြစ်စဉ်မှာ ပါဝင်တယ်လို့ မျက်မြင်တွေရဲ့ထွက်ဆိုချက်အရ ဓနိတောကျေးရွာက အမျိုးသား ၂၇ ယောက်ကို ဖမ်းဆီး စစ်ဆေးနေတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဓနိတောကျေးရွာတွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ်ရှိ ဦးအောင်ကျော်ညွန့် အပါအဝင် အမျိုးသား ၂၇ ဦးတို့ကို ဒလမြို့နယ် ပျော်ဘွယ်ကြီး နယ်မြေ ရဲစခန်းမှ (ပ) ၆၈/၁၅၊ ပုဒ်မ ၃၀၂/ ၄၅၂/ ၃၂၅/ ၃၃၆/ ၄၂၇/ ၂၉၄/ ၁၁၄ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ไม่มีความคิดเห็น:

แสดงความคิดเห็น