ပြည်ပတွင် အလုပ်သွားလုပ်လိုသည့် မြန်မာထက်ဝက် အလယ်တန်းပညာရေး မပြီးဆုံးဟု ILO စစ်တမ်းဖော်ပြ
ရန်ကုန်၊ ဧပြီ ၂၈
ပြည်ပတွင် သွားရောက်လုပ်ကိုင် လိုသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ထက်ဝက်မှာ အလယ်တန်းပညာရေး ပြီးဆုံးခြင်း မရှိခဲ့ကြောင်း တိုင်းဒေသကြီး နှစ်ခုနှင့် ပြည်နယ်တစ်ခုတွင် ကောက်ယူခဲ့သည့် စစ်တမ်းအရ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာရုံးမှ ဒေသဆိုင်ရာ အကြံပေး Ben Harkins က ပြောကြားသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ထက်ဝက်ခန့်မှာ အလယ်တန်း ပညာရေး ပြီးဆုံးခြင်း မရှိခဲ့ကြောင်း မန္တလေး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီ လနှင့် ဖေဖော်ဝါရီလ တို့တွင် ကောက်ယူခဲ့သည့် ရွှေ့ပြောင်းအလုပ်သမား ဆိုင်ရာ စစ်တမ်းတွင် ဖော်ပြသည်။
တက္ကသိုလ်ပညာရေး ပြီးဆုံးခဲ့သူ ၂၂ ရာခိုင်နှုန်းခန့်မှာလည်း ဝင်ငွေပိုမို ကောင်းမွန်သည့် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသ ဖြင့် ဦးနှောက်ယိုစီးမှုနှင့် ဦးနှောက်ပြုန်းတီးမှုများ ဖြစ်ပေါ်နေရာ နိုင်ငံအတွက် စိုးရိမ်စရာကောင်းကြောင်း Ben Harkins က ဆိုသည်။
စစ်တမ်းကောက်ယူမှုအရ ပြည်ပသို့ သွားရောက်လုပ်ကိုင်လိုသူ၏ ၅၀ ရာခိုင်နှုန်းမှာ လုပ်ခလစာ မြင့်မားမှုကြောင့် ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ရွှေ့ပြောင်းလုပ်သားများမှာ ယင်းနေရာတွင် အလုပ်အကိုင် ရရှိနိုင်သော်လည်း ဝင်ငွေရရှိမှု မြင့်မားမှုကြောင့် ပြည်ပတွင် ရွှေ့ပြောင်းသွားလာခြင်း ဖြစ်ပြီး ရှမ်းနှင့် တနင်္သာရီတို့တွင် အလုပ်အကိုင် ရှားပါးမှုကြောင့် သွားရခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
ရွှေ့ပြောင်း သွားရောက်လုပ်ကိုင် လိုသူများကို စစ်တမ်းကောက်ယူမှုအရ တနင်္သာရီတိုင်း ဒေသကြီးတွင် ဖြေဆိုသူများ၏ ၃၉ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်က ၃၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ ဖြစ်ကြောင်း Ben Harkins က ရှင်းပြသည်။
ပြည်ပတွင် ရွှေ့ပြောင်းလုပ်ကိုင်လိုသည့် မြန်မာများတွင် အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြားရှိသူ ၅၅ ရာခိုင်နှုန်းရှိပြီး အသက် ၁၅ နှစ်မှ ၁၇ နှစ်အထိ ၃ ရာခိုင်နှုန်း ပါဝင်နေကြောင်း ရွှေ့ပြောင်း သွားလာလိုသူများကို ကောက်ယူထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။
စစ်တမ်းကောက်ယူရာတွင် အသက် ၁၅ နှစ်မှ ၄၅ နှစ်အတွင်း ရှိသည့် ၂ နှစ်အတွင်း ရွှေ့ပြောင်းအလုပ်သမား ဖြစ်လာနိုင်သူ ၆၂၅ ဦးကို မေးမြန်းခဲ့ပြီး ရွှေ့ပြောင်းလုပ်ကိုင်ပြီး ပြန်လာသူများ၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ နှင့်လည်း ဆွေးနွေးခဲ့သည်။
ไม่มีความคิดเห็น:
แสดงความคิดเห็น