วันจันทร์ที่ 11 พฤษภาคม พ.ศ. 2558

“ကုသိုလ်ရအောင် နေနည်း” ••••••••••••••••••••••••••••••••• လောကမှာ လူတွေ နေကြတဲ့အခါမှာ  “ကုသိုလ်ရအောင် နေနည်း၊ ဘယ်လိုနေမယ်” ဆိုတော့ ပြုပြင်ပေးဖို့ လိုအပ်တာလေးတွေ ဟောပြမယ်။ အကျိုးရှိအောင် ဘယ်လိုနေမလဲ။ အကျိုးဆိုတာ ကောင်းကျိုးချမ်းသာရဖို့ကို ဆိုလိုတယ်။  ကောင်းကျိုးချမ်းသာရဖို့ဆိုတာ “အချက် ၄-ချက်” လိုအပ်တယ်။ အချက် ၄-ချက်နဲ့ ကိုယ့်ရဲ့ စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရမယ်။ (၁)။အချက်က “ငါ့သန္တာန်မှာ ဒီဘဝ ရလာတဲ့အချိန်မှာ ကုသိုလ်စိတ်တွေ  များများဖြစ်စေရမယ်”။ •••••••••••••••••••••••••••••••••••••••••••••• ဘာဖြစ်လို့ ကုသိုလ်စိတ်များများ ဖြစ်စေရမှာလဲဆိုရင်  ကုသိုလ်ဆိုတာ အဆိုးတရားတွေ ဖယ်ရှားပြီး၊ အကောင်းတရားတွေကို ဖော်ဆောင်ပေးနိုင်တဲ့တရားမျိုး  ဖြစ်တယ်။ ဒါကြောင့်မို့ “ကုသလ-ကုသိုလ်” “ကု” - ဆိုတာ အဆိုးတရားတွေကို “သလ”-ဖယ်ရှားပေးနိုင်တဲ့စွမ်းအားရှိတဲ့ သဘာဝတရားမျိုးကို ခေါ်တယ်။  အဲဒီသဘာဝစွမ်းအားတွေဆိုတာ ဘာကို ပြောသလဲဆိုရင်  “အလောဘ၊အဒေါသ၊အမောဟ” တို့ကို ခေါ်တယ်။ ●အလောဘဆိုတာ ကိုယ့်ရဲ့ပစ္စည်းကို  အများနဲ့မျှဝေခံစားနိုင်ဖို့၊  လောကမှာ လူဆိုတာ အပေါင်းအသင်းတွေနဲ့  နေတဲ့အခါကျတော့ ကိုယ့်ရဲ့ပစ္စည်းကို  ဆုပ်ကိုင်မထားဘဲနဲ့ မျှဝေခံစားသုံးစွဲနိုင်ရမယ်။  စွန့်လွှတ်နိုင်တဲ့စိတ်မျိုး အလောဘစိတ်ကို ထားနိုင်ရမယ်။  ●အဒေါသဆိုတာ အများရဲ့အကျိုးကို လိုလားတဲ့မေတ္တာ ဖြစ်တယ်။  ●အမောဟဆိုတာ ဘာကို လုပ်သင့်သလဲ၊မလုပ်သင့်ဘူးလဲ ဆိုတာကို သိတဲ့အသိပညာမျိုး ဖြစ်တယ်။ အဲဒီသဘာဝတရားတွေဟာ အဆိုးတရားတွေကို  ဖယ်ရှားနိုင်တာမို့ “ကုသိုလ်”လို့ခေါ်တယ်။ အဲဒီကုသိုလ်တရားတွေ ကိုယ့်ရဲ့ သန္တာန်မှာ  ဖြစ်အောင် လုပ်ရမယ်တဲ့။  “ငါ့ သန္တာန် မှာ ဖြစ်စေရမယ် လို့  ဆုံးဖြတ်ချက် ချထားလိုက်ပါ” တဲ့။  သဒ္ဓါတရားတွေ ဖြစ်စေရမယ်၊သီလတရားတွေ ဖြစ်စေရမယ်၊ သမာဓိစွမ်းအားတွေ ဖြစ်စေရမယ်၊အကောင်းအဆိုး၊ အကြောင်း အကျိုးကို ခွဲခြားသိနိုင်တဲ့အသိဉာဏ်၊ အသိပညာစွမ်းအားတွေ ငါ့သန္တာန်မှာ ဖြစ်စေရမယ်လို့  စိတ်ထဲမှာ သန္နိဋ္ဌာန်ချထားလိုက်ရမယ်။  ဒါကို စာပေက “နိယမိတ”တဲ့။  ကုသိုလ်စိတ် ဖြစ်အောင် လုပ်မယ်။  အကုသိုလ်မဖြစ်စေရဘူးဆို ပြီးတော့  Determination လုပ်တာ၊ ဆုံးဖြတ်ချက်ကို ပိုင်နိုင်စွာ  ချမှတ်ထားရမယ်။ အဲဒီလို စိတ်ကို ဆောက်တည်ထားလိုက်မယ် ဆိုရင် သတိထားတတ်လာပြီးတော့ စိတ်ဟာ  ကောင်းတဲ့ဘက်ကိုပဲ ဦးတည်လာတော့တယ်။ (၂)။ကုသိုလ်စိတ်ဖြစ်ဖို့အတွက်  “သမုဒါစာရ” အလေ့အကျင့်လိုအပ်တယ်။  ••••••••••••••••••••••••••••••••••••••••••••••  ဆိုပါစို့ - မနက်အိပ်ရာထရင် မျက်နှာသစ်မယ်၊ ဘုရားရှိခိုးမယ် ဆိုတဲ့အလေ့အကျင့် လုပ်ထားရမယ်။  ဘုရားရှိခိုး လို့ပြီးမှ မနက်စာ စားမယ်၊ ဘုရားမရှိခိုးဘဲနဲ့ နံနက်စာ မစားဘူးလို့ ဒီလိုအလေ့အကျင့်တစ်ခု ထားရမယ်။  နောက် မေတ္တာပို့မယ်ပေါ့။  ကိုယ့်ရဲ့အိမ်သူအိမ်သားတွေကနေစပြီးတော့ သတ္တဝါတွေ  ကျန်းမာကြပါစေဆိုပြီး မေတ္တာပို့မယ်ပေါ့နော်။ ကုသိုလ်စိတ်  ဖြစ်အောင်အလေ့အကျင့်ဆိုတာ လုပ်ပေးရတယ်။  ဘာပဲဖြစ်ဖြစ် လေ့ကျင့်တယ်ဆိုတာလုပ်ကြရတာပဲ။ Physical Exercise ဆိုရင် မနက်စောစော အိပ်ရာထ  လမ်းလျှောက်ကြတဲ့သူတွေဟာ မှန်မှန်လမ်းလျှောက် ကြရတာပါပဲ၊ ဒါလေ့ကျင့်ခန်း လုပ်တာပါပဲ။  ဒီလိုလေ့ကျင့်ခန်း လုပ်သလိုပဲ နေ့စဉ်ဘဝမှာ ကုသိုလ်တွေ  ရဖို့အတွက် လေ့ကျင့်ကြရမှာပဲ။  မနက်အချိန်မှာ ငါဘာလုပ်ရမလဲ၊ နေ့လယ်အခါမှာ ငါဘာလုပ်ရမယ်ဆိုပြီးတော့  အချိန်အားလျော်စွာ ကုသိုလ်စိတ်တွေ ဖြစ်ကြရမှာပဲ။ အိမ်ရှင်မတွေဆိုရင် ဥပမာ - ထမင်းချက်ရင်းနဲ့လည်း ကုသိုလ်စိတ်တွေဖြစ်အောင် ကျင့်ထားရမယ်။  “ငါချက်ထားတဲ့ထမင်းဟင်းတွေ စားရင်း ဝမ်းမြောက်ဝမ်းသာ  ဖြစ်ကြပါစေ၊ အားလုံးချမ်းသာသုခတွေ ပြည့်ဝကြပါစေ” ဆိုပြီးတော့ မေတ္တာထားကြရမယ်။ အများအတွက် ဆောင်ရွက်ပေးတဲ့ “စိတ်စေတနာ” ဖြစ်တယ်။  ဒါကြောင့်မို့ မေတ္တာလို့ ခေါ်တယ်။ “မေတ္တာ” နဲ့ “တဏှာ” က မတူဘူးနော်။  အရပ်ထဲမှာတော့ မေတ္တာ နဲ့ တဏှာကို ရောထွေးပြီးတော့  သုံးတတ်ကြတယ်။ မေတ္တာဆိုတာ “မိတ်ဆွေရဲ့စိတ်ဓာတ်”ကို  ခေါ်တယ်။ဒါကြောင့်မို့ မေတ္တာဆိုတဲ့စကားလုံးဟာ “မိတ္တ” ကနေ လာတာဖြစ်တယ်။ “မိတ္တဿ ဧသာ မေတ္တာ” “မိတ္တဿ” ဆိုတဲ့ “မိတ်ဆွေသူငယ်ချင်း၏”၊  “ဧသာ=သဘောတရားသည်” ၊  “မေတ္တာ=မေတ္တာဖြစ်သည်”။ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းပေါ်ထားတဲ့စိတ်မျိုး၊  သတ္တဝါတိုင်းရဲ့အပေါ်မှာ ထားနိုင်ရမယ်။  အားလုံးအပေါ်မှာ မေတ္တာထားနိုင်ရမယ်။ အဲဒီတော့ မေတ္တာဆိုတာ ရင်ထဲ နှလုံးသားထဲမှာ  အမုန်းတရားတွေကို ဖယ်ရှားပြီးတော့ အကျိုးလိုလားတဲ့  စိတ်မျိုးကို ခေါ်တာဖြစ်တယ်။ မေတ္တာပွားမယ်ဆိုရင်လည်း ဘယ်အချိန်မှာမဆို  ပွားလို့ရတယ်။ဆိုပါစို့ -  မေတ္တာစိတ်ဆိုတာ “မနောကံ”ပေါ့။  ❦တစ်ခါတစ်ရံမှာ ကာယကံနဲ့ ပြုရတဲ့မေတ္တာမျိုးရှိသလို၊  ဝစီကံနဲ့ ပြောရတဲ့ မေတ္တာမျိုးလည်း ရှိတယ်။  နှုတ်ကနေ ပြောရမယ့်မေတ္တာမျိုးကို ခေါ်တယ်။  ❦မနောကံ မေတ္တာဆို တာ စိတ်ထဲကနေ  “သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေ” ဆိုပြီး ပွားများတာ ဖြစ်တယ်။ ❦ကောင်း တဲ့အကြံဉာဏ်ပေးတာလည်း  ဝစီကံမေတ္တာဖြစ်တယ်။ ❦လမ်းသွားရင်း ဆူးတွေတွေ့လို့  ဖယ်ရှားပေးမယ်ဆိုရင် ကာယကံမေတ္တာပေါ့။  အိမ်မှာ အလုပ်လုပ်ရင်းနဲ့ အိမ်သူအိမ်သားတွေ  ချမ်းသာစွာ နေထိုင်နိုင်ဖို့ ကူညီဆောင်ရွက်မယ်။ ဒါလည်းပဲ ကာယံမေတ္တာထားတာပဲလေ။  အဲဒီလို ကာယကံမေတ္တာ၊ဝစီကံမေတ္တာ၊ မနောကံမေတ္တာနဲ့နေထိုင်တဲ့အတွက် အကုသိုလ်မဖြစ်ဘဲ၊ “ကုသိုလ်နဲ့ နေတယ်”လို့ခေါ်တယ်နော်။  “အကျိုးရှိတဲ့ နေနည်းပါ” လို့ ဒီလိုပြောတယ်။ ဝေယျာဝစ္စလုပ်ရင်းနဲ့ ကုသိုလ်ရနေတယ်လို့ ခေါ်တယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် စိတ်ဓာတ်ကို ဖြူစင်အောင်  ထားပြီးတော့ နေမယ်ဆိုရင် ကုသိုလ်နဲ့နေတာပါပဲ။  အချိန်အခါ ရွေးစရာမလိုပါဘူး။  ဘယ်နေရာမှာပဲဖြစ်ဖြစ် ငါ့ရဲ့စိတ်ကို ညစ်မနေစေအောင်  ထားတတ်ရမယ်။ ဒါမှ ငါ့ရဲ့သန္တာန်မှာ ကုသိုလ်တွေပဲ  များများဖြစ်စေရမယ်။မြင်မြင်သမျှအပေါ်မှာ မေတ္တာစိတ်နဲ့ပဲ လုပ်ကိုင်ဆောင်ရွက်ပြောဆို ဆက်ဆံရမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက် ချထားလိုက်ပါတဲ့။ (၃)။“ပရိဏိဏာမန”- အမြဲတမ်း ကိုယ့်ရဲ့ စိတ်ကလေးကို ကောင်းတဲ့ဘက်ကိုပဲ  ညွှတ်နေအောင် ထားပေးရမယ်။  ••••••••••••••••••••••••••••••••••••••••••  ဆိုပါစို့ - တစ်ယောက်တည်း အေးဆေးစွာ  နေမိရင် ဘာကိုတွေးမိလဲဆိုတာ ပြန်ဆန်းစစ်ကြည့်။ ကိုယ့်စိတ်ကလေးဟာ ကောင်းတဲ့ဘက်ကို ညွှတ်နေရမယ်။  မကောင်းတဲ့ဘက်ကို ညွှတ်နေမိလို့ရှိရင် ကောင်းတဲ့ဘက်ကို  သတိထားပြီး ညွှတ်မိအောင် ထိန်းသိမ်း လေ့ကျင့်ပေးရမယ်။ ကောင်းတဲ့ဘက်ကို အမြဲတမ်း ဦးလှည့်ပေးရမယ်။ မေတ္တာပွားဖို့အတွက် ဦးလှည့်ပေးရမယ်။ ကောင်းကျိုးချမ်းသာလိုလားသူဖြစ်ဖို့အတွက် ဦးလှည့်ပေးရမယ်။ ကုသိုလ်တရားရဖို့ ဦးလှည့်ပေးရမယ်။  ဒါ လေ့ကျင့်ပေးရင် ရနိုင်တယ်။ (၄)။“အာဘုဇိတိတ” - နှလုံးသွင်းတရား •••••••••••••••••••••••••••••••••••••••••••••  နှလုံးသွင်းဆင်ခြင်မှုက အလွန်အရေးကြီးတယ်။  ဒါကို မြတ်စွာဘုရားက “ယောနိသောမနသိကာရ”လို့ပြောတယ်။  မှန်မှန်ကန်ကန် စဉ်းစားတာ၊ အသိဉာဏ်နဲ့စဉ်းစားတာ။ နှလုံးသွင်းမှု မှန်ကန်တာ၊ လိမ္မာပါးနပ်စွာ စဉ်းစားတာ။ ဒါကို “ယောနိသောမနသိကာ” လို့ခေါ်တယ်။  ဘယ်ကိစ္စပဲဖြစ်ဖြစ် ယောနိသောမနသိကာရ  မထားတတ်လို့ ရှိရင် ကုသိုလ်လုပ်နေတာတောင်မှ  ကုသိုလ်မရဘဲ ဖြစ်တတ်တယ်။ ဒါကြောင့် စာပေမှာ “ယေကေစိ ကုသလာဓမ္မာ သဗ္ဗေ တေ  ယောနိသောမနသိကာရ မူလကာ”တဲ့။  “ကုသိုလ်မှန်သမျှတို့သည် ယောနိသော မနသိကာရပေါ်မှာ အခြေခံသည်”လို့ ဒီလို  မြတ်စွာဘုရားက ဟောထားတယ်။ ဆိုပါစို့ - မိမိသန္တာန်မှာ ဒေါသထွက်နေတဲ့အခါမှာ  ကြမ်းကြမ်းတမ်းတမ်းစကား ပြောမိတယ်။  အဲဒီအခါ မိမိရဲ့စိတ်ထဲမှာ တွေးကြည့်လိုက်စမ်းပါ။  ကြမ်းကြမ်းတမ်းတမ်းစကားကို မိမိကိုယ်တိုင်တောင်မှ  မနှစ်သက်ဘူး။ သူ့ပြောရင် သူလည်း ကြိုက်မှာ မဟုတ်ဘူး။ အဲဒီတော့ ချိုချိုသာသာ ပြောပြီးတော့  ဖျောင်းဖျမယ်-ဒီလို တွေးရမယ်။  အဲဒီလို ဘယ်ကိစ္စပဲဖြစ်ဖြစ် ကြမ်းကြမ်းတမ်းတမ်း  ပြောလိုက်တဲ့စကားဟာ တစ်ဘက်သားကို  နူးညံ့မသွားစေဘူး။ကြမ်းတမ်းသွားစေတယ်။ ပြောတဲ့ပုဂ္ဂိုလ်လည်း ကြမ်းတမ်းသွားမယ်။  နားထောင်တဲ့ပုဂ္ဂိုလ်လည်းပဲ ကြမ်းတမ်းသွားမယ်။  အဲဒီ ၂-ခုကို နှလုံးသွင်းဆင်ခြင်လိုက်မယ်ဆိုရင်  “ယောနိသောမနသိကာရ” နဲ့ စဉ်းစားလိုက်ရင်  ကြမ်းကြမ်းတမ်းတမ်းပြောတာကို ငါ မကြိုက်သလို  သူလည်းပဲ ကြိုက်မှာမဟုတ်ဘူး။  အဲဒီတော့ ငါကြမ်းတမ်းတဲ့စကားတွေကို မပြောဘူး။ နူးညံ့တဲ့စကားတွေကို ပြောမယ်။  အကျိုးရှိအောင် ပြောမယ်လို့နှလုံးသွင်း ဆင်ခြင်လိုက်ရင်  ဒါကို “ယောနိသောမနသိကာရ” လို့ခေါ်တယ်။ ဘယ်အရာပဲဖြစ်ဖြစ်၊ တစ်ဘက်ကနေကြည့်ရင်  ဒေါသထွက်စရာ ဖြစ်ပေမယ့် နောက်တစ်ဘက်ကကြည့်ရင်  ကျေးဇူးတင်စရာတွေ ဖြစ်တတ်တယ်။  အဲတော့ ဒေါသဖြစ်မယ့်ဘက်က မစဉ်းစားဘဲနဲ့  ကျေးဇူးတင်စရာဘက်ကနေ စဉ်းစားရမယ်။  အဲဒီလို စဉ်းစားရင် ဘာဖြစ်သလဲဆိုတော့  ကိုယ့်သန္တာန်မှာ အမုန်းတရားတွေ ကင်းစင်သွားမယ်။  ရင်ထဲနှလုံးထဲမှာ အမုန်းကင်းနေရင်  စိတ်ထဲနှလုံးထဲမှာ ငြိမ်းအေးနေမယ်ပေါ့။  ဒါ လက်တွေ့ရတဲ့အကျိုးတစ်ခုနော်။  ဗုဒ္ဓမြတ်စွာဟောပြောထားတဲ့တရားဓမ္မတွေဟာ  လက်တွေ့ကျင့်သုံးရတဲ့နေနည်းတွေ ဖြစ်တယ်။  Way of life ပေါ့။ ဘဝတစ်ခုဟာ ဘယ်ပုံ ဘယ်နည်းနေရမယ်ဆိုတာ ဗုဒ္ဓမြတ်စွာ ဟောတာ။ ဒါကြောင့်မို့လို့ ကုသိုလ်တစ်ခုခု ဖြစ်ဖို့ရာ  ဟောဒီအချက် (၄)-ချက်နဲ့ပြည့်စုံရမယ်တဲ့. . . ။ (၁)။မိမိစိတ်ကို အမြဲတမ်းကုသိုလ်စိတ်ဖြစ်စေရမယ် ဆိုပြီးတော့ သန္နိဋ္ဌာန်ချထားလိုက်ပါ။  (၂)။စိတ်ကို ကောင်းတဲ့ဘက်ကို အမြဲတမ်း ဦးညွှတ်စေရမယ်။  (၃)။ကုသိုလ်စိတ်ကို အမြဲတမ်းလေ့ကျင့်ပေးရမယ်။  (၄)။အဲဒီအချက်တွေနဲ့ ယောနိသောမနသိကာရ ထားနိုင်ရမယ်။  အဲဒီအချက်တွေနဲ့ပြည့်စုံရင် စိတ်ဟာ အမြဲတမ်း  ကုသိုလ်စိတ်ဖြစ်နေမယ်။ကုသိုလ်တွေ များလာခြင်းအားဖြင့်  ကောင်းကျိုးချမ်းသာတွေ ရလာမယ်။  ဒီဘဝမှာလည်း ကောင်းကျိုးချမ်းသာရရှိမယ်။  နောင်ဘဝမှာလည်း ကောင်းတဲ့အကျိုးကို ခံစားရမယ်။ ၂ဘက်စလုံး ကောင်းမွန်တဲ့တရားဖြစ်လို့  ဒီလိုကုသိုလ်မျိုး များများရအောင် ကျင့်ယူရမယ်။ အလုပ်တစ်ခု လုပ်တဲ့နေရာမှာ  “ငါချည်းပဲ လုပ်နေရတယ်၊သူကတော့ ဘာမှမလုပ်ဘူး” ဆိုပြီးတော့ ဒီစိတ်မျိုး ထားလိုက်ရင်ပဲ “အကုသိုလ်”ဖြစ်သွားပြီနော်။  “ဪ ငါလုပ်ပေးလိုက်တဲ့အတွက် သူတို့လေးတွေ  အဆင်ပြေပြေ ဖြစ်သွားရပြီ” ဆိုပြီး နှလုံးသွင်းလိုက်မယ်ဆိုရင်  ကုသိုလ်စိတ်ကလေးရယ်၊ကောင်းကျိုးချမ်းသာတွေရယ်  ရလာမှာပါ။ လှူတဲ့တန်းတဲ့အခါမှာလည်း အလှူခံပုဂ္ဂိုလ်တွေကို  ကြည့်ပြီးတော့ “ဪ လှူရတန်းရတဲ့အတွက် ငါ့မှာ  ကုသိုလ်တွေ အများကြီးရလာပါလား”ဆိုပြီးတော့  နှလုံးသွင်းမှန်ကန်စွာ ထားနိုင်ရမယ်တဲ့။ စိတ်ထဲက နှလုံးမသွင်းတတ်ရင် အကုသိုလ်အပြစ်တွေ ဖြစ်လာနိုင်တယ်။ စိတ်ကို ဖြူစင်သန့်ရှင်းစွာ ထားနိုင်အောင်  ကြိုးစားရမယ်။လောဘနည်းအောင် ထားရမယ်။  အများကောင်းကျိုးကို ဆောင်ရွက်နိုင်ရမယ်။  “ကုသိုလ်” နဲ့ တွဲလာတဲ့စိတ်ဟာ  ဘယ်တော့မှ မညစ်နွမ်းစေဘူး။  “လောဘ” နဲ့ တွဲတဲ့၊ဒေါသနဲ့တွဲလာတဲ့စိတ်ဟာ  ညစ်ညူးနေတတ်တယ်။  ဘယ်သူ တရားပျက်ပျက်၊ကိုယ်မပျက်စေနဲ့တဲ့။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association】 -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】 Posted by► www.facebook.com/youngbuddhistassociation.mm

ไม่มีความคิดเห็น:

แสดงความคิดเห็น